၅၂၇။ ရုတ်တရက် ဖော်ရွေလာခြင်း-၂
ခြံဝန်းအရှေ့ရှိ မိန်းတံခါးမကြီးကို ဖန်ဇို ဖွင့်လိုက်လျှင်, အပြင်ဘက်တွင် ရပ်နေသော မိန်းမလှလေးကို တွေ့မြင်ရ၍ ခဏလောက် အံ့ဩသွားသည်။ သူ့မျက်လုံးများမှာ အမည်မဖော်နိုင်သော ခံစားချက်က ခဏလောက် ဖျတ်ခနဲ ဖြစ်ပေါ်သွားပြီး လျင်မြန်စွာ ပြန်ပျောက်သွားသည်။
ရှင်းလေး ဖန်ဇို အံ့အားတသင့် ပြောသည်။ သူ့မျက်လုံးများက နင်ရှင်းကို သေသေချာချာ ကြည့်သည်။ သူမ ဒီကို မလာတာ အတော်ကြာနေပြီ။
သူတို့နှစ်ယောက်က လက်ထပ်ဖို့ သဘောတူထားကြသော်လည်း ဖန်ဇို၏ ကျန်းမာရေး ဆုတ်ယုတ်မှုကြောင့် ၎င်းကိစ္စကို မည်သူမျှ ထပ်မပြောတော့ချေ။ သူ့ကျန်းမာရေးအရ အနားယူကုသရန် သင့်လျော်သော နေရာတစ်ခု လိုအပ်သည့်အတွက် ဖန်ဇိုက ဝါးတောအုပ်အတွင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဒီနေရာရောက်လာကတည်းက နင်ရှင်းနှင့် တွေ့ရခဲသွားသည်။
သူမ ဒီနေရာကို လွန်ခဲ့သည့် တစ်နှစ်ကျော်က နောက်ဆုံးတစ်ကြိမ် ရောက်လာခဲ့မှန်း သူ မှတ်မိသည်။
အကိုကြီး ဇို နင်ရှင်း၏ မျက်နှာက လက်ခနဲ ဖြစ်သွားသည်။ သူမမျက်နှာက အပြစ်ကင်းဟန် ချိုသာသော အပြုံးဖြင့် နေရာယူလိုက်သည်။ မသိလျှင် သူမက အပြစ်ကင်းစင်ပြီး နုံအသော အမျိုးသမီးလေး အသွင် ဖြစ်နေသည်။ ၎င်းအသွင်က လူများကို လွယ်လွယ်ကူကူ နွေးထွေးသွားစေနိုင်သည်။
အကိုကြီးဇို, ရှင်းလေး အကိုကြီးကို လာမကြည့်တာ အတော်ကြာနေပြီ၊ ရှင်းလေးကို စိတ်ဆိုးနေသလားဟင်။
ဖန်ဇိုက ညင်သာစွာ ပြုံးပြ၍ ပြောသည် တကယ်တော့ စိတ်မဆိုးပါဘူး။
နင်ရှင်းက ဖန်ဇိုကို တောင်းပန်ဟန်ဖြင့် ကြည့်သည်။ သူမ မျက်လုံးများကို အောက်စိုက်လိုက်သည်။ သူမမျက်နှာက မချိတင့်ကဲဟန် ပေါ်နေသည်။
ကျမ အကိုကြီးဇိုကို တကယ် လွမ်းနေတာပါ၊ ဒါပေမဲ့လေ အဖေက ကျမကို ထပ်တလဲလဲ သတိပေးနေလို့... အကိုကြီးဇိုက အနားယူဖို့ လိုအပ်တယ်၊ အကိုကြီး အနားယူနေတာကို မနှောင့်ယှက်ရဘူးတဲ့၊ ဒါ့ကြောင့်လေ... ရှင်းလေး ကိုယ့်ကိုယ်ကို ပြန်ထိန်းပြီး အကိုကြီးဇိုဆီ အလည်မလာတာပါ၊ အကိုကြီးဇို ရှင်းလေးကို ခွင့်လွှတ်မလားဟင်။