၇၄၉။ မျှော်လင့်မထားသည့် အရာ (၃)
ရန်တိုင်းပြည်၏ ကြီးကျယ်ခမ်းနားသော လိပ်ပြာတိုက်ပွဲမတိုင်ခင်, တစ်လကျော်ကျော်လောက် အချိန်ကျန်သေးသည်။ ဒီအတောအတွင်း, ကျောက်ချူနှင့် တခြားလူများက ဖီးနစ်ကျောင်းတော်သို့ ပြန်ပြီး သူတို့၏ လာမည့် အစီအစဉ်များကို ယန်ဘူဂွေ့အား သတင်းပို့ရန် ဆုံးဖြတ်ကြသည်။
သူတို့ ဖီးနစ်ကျောင်းတောသို့ ပြန်မည် ဖြစ်သဖြင့် ဂျန်ဝုရှီက အထူးတလည် စာတစ်စောင် ရေးပေးလိုက်သည်။ ယန်ဘူဂွေ့ထံ ယူသွားဖို့ ဖြစ်သည်။ ဖန်ဂျင်နှင့် လော့မဲ့မဲ့အား ဆက်လက် ကုသပေးဖို့ လိုအပ်နေသဖြင့် သူမက ထွက်ခွာလို့ မရသေးပေ။ ဂျန်ဝုယောင်းနှင့် ဖန်ဇိုက လေညင်းကျောင်းတော်မှာ သူမနှင့် အတူ ကျန်ရစ်ခဲ့ကြသည်။
လော့မဲ့မဲ့က ဒီအတောအတွင်း အားပြန်ပြည့်လာသည်။ တိုးတက်ကောင်းမွန်လာသည်။ သူ၏ မီးလောင်ကျွမ်း၍ မဲနက်နေသော အရည်ပြားက အမာရွက်များ ကွာကျလာပြီး အရည်ပြားက ပြန်လည် နုဖတ်လာသည်။ ပန်းရောင်သန်း၍ နူးညံ့ပြေပြစ်လာသည်။ အမဲရောင် အလုံးလေးဘဝမှ တဖြည်းဖြည်းချင်း ပန်းရောင်အလုံးလေး ဖြစ်လာသည်။ ဖျတ်ခနဲ ကြည့်လိုက်လျှင်, ဝက်ပေါက်စလေးနှင့်ပင် တူနေသည်။
မီးလောင်းကျွမ်းမှုက ဆိုးရွားသွားလို့လားတော့ မသိ, သိုးမွှေးများက အခုထိ ပြန်မပေါက်သေးပေ။ ထူထဲသိပ်သည်းသော သိုးမွှေးများဖြင့် နေနေကျ ဖြစ်သဖြင့် အအေးဒဏ်ကို ကာကွယ်ပေးမည့် သိုးမွှေးများ မရှိသောကြောင့် အထူးသဖြင့် အခုလို နှစ်ဆုံးခါနီးမှာ အပူချိန်က လျင်မြန်စွာ ကျဆင်းလာသည့်အတွက် လော့မဲ့မဲ့က အအေးဒဏ်ကို သူ့ဘာသာ ခံနိုင်ဖို့ အင်အားမရှိ ဖြစ်နေရသည်။ တစ်နေ့လုံး လော့မဲ့မဲ့က သနားစဖွယ် တုန်ယင်နေလျက် စောင်အောက်သို့ တိုးဝင်ကာ နေသော်လည်း နေတတ်သည်။ သို့မဟုတ် ဂျန်ဝုရှီ၏ လက်မောင်းကြားထဲ တိုးဝင်၍သော်လည်း နေတတ်သည်။
အမွှေးများ ကင်းမဲ့နေသည့် သိုးငယ်လေး၏ လုပ်ရပ်ကို တစ်စုံတစ်ယောက်က အနီးကပ် သေချာကြည့်ရှုသည်။ သူ့မျက်လုံးများက တလက်လက် ဖြစ်သွားသည်။