၉၃၀။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ပထမပုံစံ(၆)
လေ့ဖန် လန့်သွားသည်။ သို့သော် သူက ကိုယ့်ကိုယ်ကို အားတင်း၍ စိတ်အားငယ်သလို ဟန်ဆောင်ပြီး ပြောလေ၏ ခမည်းတော်, သားတော်က ခမည်းတော်ရဲ့ သားမဟုတ်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ၊ ခမည်းတော်က သားတော်ရဲ့ မျက်နှာကို မမှတ်မိတော့ဘူးလား၊ သားတော်ရဲ့ မယ်တော့်ရုပ်ပုံကို ခမည်းတော် တကယ်ပဲ မေ့သွားခဲ့ပြီလား။
(သူ့မှာ လူးလွန့်ဖို့ အခွင့်အရေး ရှိသေးသည်။)
(သူ့မှာ အလှည့်အပြောင်း ဖြစ်သွားစေဖို့ အခွင့်အရေး ရှိသေးသည်။)
(သူ့မျက်နှာက သူ့အသက်ကို ကယ်တယ်နိုင်သည်။)
ဘုရင်ကြီးက သူ အရမ်း ချစ်ခဲ့ရသော အမျိုးသမီး၏ ရုပ်သွင်ကို လေ့ဖန်မျက်နှာပေါ်မှာ မြင်ရချိန်မှာ, ခဏလောက် တုံ့ဆိုင်းသွားသည်။ လေ့ဖန်၏ ရုပ်ရည်သွင်ပြင်က သူ ချစ်ရသော အမျိုးသမီးနှင့်သာ ဆင်တူနေပြီး မိဖုရားကြီး, အမတ်ချုပ်ကြီးတို့နှင့် နည်းနည်းလေးမျှ တူမနေတာက တကယ့်အမှန်တရား ဖြစ်သည်။
မိဖုရားကြီးက သူမ မည်သို့မျှ လွတ်လမ်းမရှိတော့ကြောင်းကို သိသည်။ သို့သော် လေ့ဖန်၏ စကားများက သူမအား နောက်ထပ် မျှော်လင့်ချက်လေးကို ပေးလာသည်။ သူမက ကိုယ့်ကိုယ်ကို မကယ်တင်နိုင်တော့သော်လည်း သူမသားကို ကယ်တင်နိုင်သေးသည်။ သူ့သား အသက်ရှင်သန်ဖို့ အခွင့်အရေး ရှိနိုင်သေးသည်။
အရှင်မင်းကြီး အရှင်မင်းကြီး..... အရှင့်ရဲ့ အမျိုးသမီးက အရူးထပြီး ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ပါတယ်၊ ဒါပေမဲ့.... သားလေးဖန်က မောင်းမတော် ချန်နဲ့ ရထားတဲ့ အရှင့်ရဲ့ သားတော်ပါ၊ အရှင့်အမျိုးသမီးကို အရှင်မင်းကြီး ခုနေအချိန်မှာ ဘယ်လောက်ပဲ မုန်းတီးရွံ့ရှာနေပါစေ, ကိစ္စမရှိပါဘူး၊ အရှင်မင်းကြီးက အမကြီး ချန်ရဲ့ ရုပ်သွင်ကို မမှတ်မိတော့ဘူးလား၊ သားလေးဖန်က ကျမနဲ့ ရုပ်ဆင်နေတာ ဘယ်မှာ ရှိလို့လဲ မိဖုရားကြီးက တအီအီ ငိုကြွေးရင်း ဆက်ပြောသည်။
ဘုရင်ကြီးက အနည်းငယ် မျက်နှာ ပြေသွားသည်။ သူက လေ့ဖန်၏ မျက်နှာကို စူးစိုက် ကြည့်လိုက်သည်။