၃၁၈။ “သိုးငယ်က သားရဲဖြစ်လာခြင်း - ၂”
ကျောက်ချူက အကျယ်ကြီး မရယ်မိအောင် အတော်ထိန်းချုပ်ထားရသည်။ သူ့ရှေ့မှ ရယ်စရာ ကိစ္စကြောင့် မရယ်ရအောင် ထိန်းထားရတာ သေလုမတတ် ဖြစ်နေသည်။
ဂျန်ရှီက ခဲချန်ဂျုကြောင့် ပျက်စီးခြင်းဆိုက်သွားသော သိုးငယ်လေးဟူ၍ မုချန်က တကယ်ပင် မှတ်ထင်ထားပုံပင်။ ဘုရားသခင် မစလို့, နိုးကြားလိုက်စမ်းပါ၊ ခင်ဗျားမျက်လုံးတွေကို ဖွင့်ကြည့်လိုက်စမ်းပါ၊ ဒီသိုးငယ်လေးက သူ့ရန်သူတစ်အုပ်လုံးကို မျိုနေပြီလေ။
ဂျန်ဝုရှီက မုချန်၏ ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ဖျောင်းဖျနေတာကို လျစ်လျူရှူထားလိုက်ပြီး ကျောက်ချူကို မျက်နှာကြောတင်းတင်းဖြင့် ကြည့်လိုက်သည်။ သူက အခုထိ ရယ်ချင်စိတ်ကို မနည်း ထိန်းနေဆဲပင် ရှိသေးသည်။ သို့သော် ကျောက်ချူက ချက်ချင်းပင် ဓားမြောင်ထုတ်၍ ကြမ်းပြင်ပေါ်တွင် သတိမေ့နေသည့် မုချန်တပည့်၏ လည်ပင်းကို ဓားဖြင့် ထောက်ထားလိုက်သည်။
“အခု တံခါး ပိတ်လိုက်တော့” ဂျန်ဝုရှီက မျက်လုံးများကို ကျဉ်းမြောင်းထားပြီး မုချန်ကို အမိန့်ပေးလိုက်သည်။
မုချန်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ သူက ဂျန်ဝုရှီကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး ခဏအကြာတွင် သူ့နောက်မှ တံခါးကို ပိတ်လိုက်သည်။
“ထိုင်” ထို့နောက် ဂျန်ဝုရှီက တုံးတိတိ ပြောသည်။
မုချန်၏ မျက်နှာက မဲမှောင်သွားပြီး သူ့အကြည့်က ဟွာယောင်းထံ ပြောင်းရွှေ့သွားသည်။ ဂျန်ဝုရှီ၏ လုပ်ရပ်များက ခဲချန်ဂျု၏ ညွှန်ကြားမှုကြောင့်ဟု သူက ထင်နေသည်။
“ခဲချန်ဂျု, အခု ငါ့တပည့်ကို လွှတ်လိုက်တော့၊ မင်း ဒေါသတွေကို ငါ့တပည့်အစား ငါ့အပေါ် ပုံချလို့ ရတယ်။”
“....................” ဟွာယောင်းက ပခုံးတွန့်ပြသည်။ သူ့ပုံစံက အပြစ်ကင်းဟန်ဖြစ်နေသည်။ သူက စကားတစ်လုံးမျှ ဝင်မပြောပေ။
