၄၈၄။ "အရမ်းကြမ်းသော တပ်ဖွဲ့-၃"

532 42 2
                                    

၄၈၄။ အရမ်းကြမ်းသော တပ်ဖွဲ့-၃

ဂျန်ဝုရှီတို့ အုပ်စု လဝိညာဉ်ရေကန်သို့ ဦးတည် သွားနေစဉ်, နင်ရှင်းက လူဝေဂျိုင်အား လောင်ချီတို့အုပ်စုနှင့် စကားပြောကြည့်ဖို့ ကြိုးစားခိုင်းသည်။ သို့သော် သူ လုံးလုံး လျစ်လျူရှူခံလိုက်ရသည်။

လောင်ချီက စကားတစ်ခွန်းမျှ ပြန်မပြောပေ။ မျက်နှာ တည်တည်ဖြင့်ပင် ရှေ့ဆက်သွားနေသည်။ စကားပြောဖို့ ငြင်းဆိုသည်။

ရင့်ရင့်သီးသီး လျစ်လျူရှူခံလိုက်ရ၍ လူဝေဂျိုင်က နင်ရှင်းထံ မျက်နှာပုပ်သိုးသိုးဖြင့် ပြန်သွားသည်။ သူက လေညင်းကျောင်းတော်တွင် တစ်ချိန်လုံး ကျောင်းတော်သားများ ဝိုင်းရံပြီး သူ့အား မြှောက်ပင့် ပြောဆိုနေတာကို သာယာကြည်နူးခဲ့သည်။ ပစ်ပစ်ခါခါ လျစ်လျူခံရတာနှင့် သူ လုံးလုံး အလေ့အကျင့်မရှိပေ။ သူ့မျက်နှာက မကျေနပ်ခြင်း အထင်းသား ဖြစ်နေပြီး စူပုပ်ဆောင့်အောင့်လျက် သူမဘေးသို့ ပြန်သွားသည်။

လူဝေဂျိုင်သည်ပင် သဘောကျနှစ်ခြိုက်အောင် မလုပ်နိုင်တာကို နင်ရှင်း မြင်လျှင်, သူမက လူဝေဂျိုင်အား အုပ်စုကို ခေါင်းဆောင် ခေါ်သွားခိုင်းပြီး ဖြည်းဖြည်းချင်းဖြင့် သူမက နောက်ချ ကျန်ရစ်ခဲ့သည်။ ထို့နောက် လောင်ချီတို့ အုပ်စုထံ ချည်းကပ်၍ ချိုမြိန်သော အပြုံးဖြင့် ပြုံးပြသည်။

ရှင်နဲ့ ရှင့်လူတွေ တိုက်ပွဲတောအုပ်နဲ့ မရင်းနှီးမကျွမ်းဝင်တာကို ကြည့်ရရင်, ရှင်တို့ ဒီကို လာဖူးတာ ပထမဆုံး အကြိမ်နဲ့ တူတယ်၊ ရှင်နဲ့ ရှင့်လူတွေ လဝိညာဉ်ရေကန်ကနေ ဘာရှာချင်တာလဲ ဆိုတာ ကျမ သိချင်မိတယ်၊ အရိုးသားဆုံး ပြောရရင်, ကျမက လေညင်းကျောင်းတော် လက်ထောက်ကျောင်းအုပ်ကြီးရဲ့ သမီးပေါ့၊ ကျမအဖေက ဒီတောအုပ်ကို အရမ်းနှံ့စပ် ကျွမ်းဝင်တယ်။

လေညင်းကျောင်းတော်က တစ်နှစ်မှာ နှစ်ကြိမ် လိပ်ပြာသားရဲ အမဲလိုက်ပွဲကို စီမံပေးလို့ ကျမတို့ ဒီကို မကြာခဏ ရောက်ဖူးကြတယ်၊ လိပ်ပြာသားရဲ အမဲလိုက်ပွဲ ပြီးသွားရင် ကျမတို့ ဒီတိုက်ပွဲတောအုပ်ကနေ အရာဝတ္ထုတွေကို အများကြီး ပြန်ယူသွားနိုင်ကြတယ်၊ ရှင်တို့ ရှာဖွေနေတဲ့ ပစ္စည်းတွေ ကျမတို့မှာ ရှိနေခဲ့မယ်ဆိုရင်, ရှင်တို့ အချိန်နဲ့ အင်အားကို ‌ခြွေတာရာ မရောက်ဘူးလားလို့။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now