၆၈၂။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၇)
ထိုလူက ချောက်နက်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိခဲ့သည်။ လူသားများနှင့် မသင့်တော်သော ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရသည်။ နောက်ဆုံးတွင် နောင်တများစွာဖြင့် ဒီနေရာမှာ သေဆုံးသွားခဲ့သည်။ ဒီနေရာမှ မထွက်ခွာနိုင်ခဲ့ပေ။ ဒီနေရာက သူ့အား ဝါးမျိုသွားခဲ့သည်။ သူ အလိုချင်ဆုံး အတောင့်တဆုံးက ဆိုးရွားယုတ်ညံ့သော ဒီအကျဉ်းထောင်မှ လွတ်မြောက်ဖို့သာ ဖြစ်သည်။
လူတစ်ယောက် သေဆုံးသွားခဲ့လျှင်, သူ့ဝိညာဉ်က ကြွင်းကျန်နေသည်ဟူ၍ ဂျန်ဝုရှီ အမြဲတမ်း ယုံကြည်ခဲ့သည်။
ခဏတဖြုတ် ထွက်ပေါ်လာသော ထိုရုပ်ပုံက သူမ၏ စိတ်ကူးသက်သက်သာ ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် ထိုလူ၏ အတမ်းတဆုံး လိုအင်ဆန္ဒ ပြည့်ဝသွားသဖြင့် သူ့ဝိညာဉ်က အနှောင်အဖွဲ့ လွတ်ကင်းသွားတာ ဖြစ်ကောင်းဖြစ်မည်။
သို့သော် ကိုယ်ထင်ပြခြင်း ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ, သူမ ဂရုမစိုက်ပေ။ ငွေရောင်လက်စွပ်ကို ဒီနေရာမှ သူမ ထုတ်ဆောင်ပေးရလိမ့်မည်။ လက်စွပ်က ထိုလူ ဒီကမ္ဘာပေါ်မှာ နောက်ဆုံး ချန်ထားရစ်ခဲ့သော အကြွင်းအကျန်ဖြစ်သည်။ ၎င်းလက်စွပ်ကို ကျန်စာသင့်သော ဒီနေရာမှ အဝေးသို့ ယူဆောင်ပေးရမည်။ ထိုလူ၏ ထောင်ချောက်မိနေသော ဝိညာဉ်ကို သူမ လွတ်လပ်စေရမည်။ ငြိမ်းငြမ်းချမ်းချမ်းဖြင့် အနားယူစေရမည်။
ဂျန်ဝုရှီ ဖြည်းဖြည်းချင်း ထ၍ လှည့်လိုက်သည်။ သူမ မျက်နှာက လုံးဝ တည်ငြိမ်နေသည်။ သူမ ကျောက်ချူတို့ထံ လျှောက်လှမ်းသွားလေ၏။
မီးလောင်ကျွမ်း၍ မဲတူးနေသော မြေပြင်ပေါ်သို့ ပြိုလဲကျသွားသော ကျောက်အုတ်များကို မြူထုက တဖြည်းဖြည်းချင်း ဖုံးအုပ်သွားသည်။ ရာစုနှစ် သို့မဟုတ် ထောင်စုနှစ်ပေါင်း အတော်ကြာပြီးနောက်, ထိုကျောက်အုတ်များ ဒီကမ္ဘာပေါ်မှ လုံးလုံး ပျောက်ကွယ်သွားတာလည်း ဖြစ်လာနိုင်သည်။ ကျောက်တုံးအိမ်လေး ဒီနေရာမှာ တည်ရှိခဲ့သည့် ခြေရာလက်ရာလေးပင် ရှာမတွေ့တော့တာလည်း ဖြစ်လာနိုင်ပေ၏။