၂၈၅။ “ပဉ္စမရိုက်ချက် - ၇”
ဂျန်ဝုရှီ၏ စကားလုံးတိုင်းက သူ့ကို တုန်လှုပ်ချောက်ချားစေသည်။ ကျောက်ချူနှင့် ဟွာယောင်းသည်ပင် တုန်လှုပ်သွားကြသည်။
ခဲချန်ဂျုက အစောပိုင်း အထီးကျန်အဆိပ်ငွေ့ကို ထုတ်လွှတ်သည့်အခါမှာ သူတို့နှစ်ယောက်လုံးက သူတို့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားကို ဖော်ထုတ်၍ သူတို့ကိုယ်ကို ကာကွယ်ထားခဲ့ကြသည်။ သို့သော်ငြား အဆိပ်ငွေ့ကို လုံးလုံးလျားလျား မတားဆီးနိုင်ကြချေ။ သူတို့အပေါ် အဆိပ်သက်ရောက်မှုကို အနည်းဆုံးအားဖြင့် လျှော့ချရုံသာ တတ်နိုင်ခဲ့ကြသည်။
သို့သော်ငြား ကျောက်ချူနှင့် ဟွာယောင်းက ကောင်းမွန်သည့် အနေအထားမှာ မရှိကြချေ။ အထီးကျန်အဆိပ်ငွေ့က စိမ့်ဝင်လာပြီး သူတို့ အရေပြားနှင့် ထိတွေ့သည်နှင့်, ပူလောင်လာကာ မီးဟပ်ခံနေရသလို ခံစားနေကြရသည်။ နာကျင်မှုက တစစ်စစ် ထိုးဆွလာသည်။ သူတို့၏ ဝိညာဉ်စွမ်းအားက အဆိပ်ငွေ့ကို အပြည့်အဝ မတားဆီးနိုင်သည်မို့ သူတို့အရေပြားများက နီရဲလောင်ကျွမ်းလာကာ သူတို့၏ အသက်သွေးကြောများကိုပါ ထိခိုက်လာသည်။ သူတို့ကို နာကျင်ခြင်းက ဖုံးအုပ်လာသည်။
သို့သော် ဂျန်ဝုရှီကတော့ ဘာမျှ မဖြစ်ချေ။ သူက သက်ရောက်မှုမရှိဘဲ ရပ်နေသည်။ သူမ မျက်နှာက မည်သည့် မသက်မသာ ဖြစ်မှု အရိပ်အယောင်ကိုမျှ ပြသမနေချေ။
သည်ကွဲပြားခြားနားမှုက ခဲချန်ဂျု၏ မျက်လုံးများကို သူ့ခေါင်းမှ ပြုတ်ထွက်မတတ် ဖြစ်သွားစေသည်။
ခဲချန်ဂျု၏ အပြုံးက ပျက်သုန်းသွားသည်။ သူက ဂျန်ဝုရှီကို အသေအချာ စူးစိုက်ကြည့်သည်။ သူမခန္ဓာကိုယ်တွင် အဆိပ်သက်ရောက်မှု အရိပ်အယောင်ကို ရှာဖွေဖို့ ကြိုးပမ်းနေသည်။
ရလဒ်က သူ့ကို စိတ်ပျက်သွားစေသည်။ ခေါင်းစ ခြေဆုံး ဂျန်ဝုရှီမှာ မည်သည့် အမှတ်အသားမျှ မရှိချေ။ သူ့အား ပိုမို အံ့အားသင့်စေတာက... သူမက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဝိညာဉ်စွမ်းအားကိုပင် သုံးမထားတာ ဖြစ်သည်။ သူမကိုယ်ကို အဆိပ်ငွေ့၏ လုံးထွေးရစ်ပတ်ခြင်းကို ခွင့်ပြုထားသည်။ သူမက တည်တည်ငြိမ်ငြိမ်, ပြောင်ပြောင်တင်းတင်းပင်။