၃၄၈။ “ဖီးနစ်ကျောင်းတော် - ၁”
ဂျန်ဝုရှီက ငုံ့ကြည့်၍ ကြောင်နက်လေးကို ပွေ့ချီသည်။ ထို့နောက် သူမက အိပ်ရာပေါ်မှ ထထိုင်သည်။
ဖေးယန်က မှင်သက်အံ့ဩကာ စိုးရိမ်တကြီး သူမအား မထရန် တားမြစ်သည် “နင် ကောင်းကောင်း မကောင်းသေးဘူးလေ။”
သို့သော် ဂျန်ဝုရှီက ဇွဲကောင်းသူ ဖြစ်သည်။ သူမခြေထောက်က ကြမ်းပြင်ကို ထိချိန်မှာ ခေါင်းမူးကာ ချာချာလည်သွားသည်။ သူမခန္ဓာကိုယ်က ကတုန်ကယင် ဖြစ်သွားသည်။ ဖေးယန်က သူမကို ထိန်းပေးရန် လက်ဆန့်လိုက်သည်။ သို့သော် ဂျန်ဝုရှီက သူမဘာသာ တည်ငြိမ်အောင် ကြိုးစား၍ တံခါးအပြင်သို့ လျှောက်လှမ်းသွားသည်။
အပြင်ဘက် မြင်ကွင်းက အတော့်ကို ဝမ်းနည်းဖွယ်ရာ ဖြစ်နေသည်။ ဝန်းတစ်ခုလုံးမှာ ဘာမျှ မရှိပေ။ အဆောက်အဦများက ဟောင်းနွမ်းစုတ်ပြတ်နေကြသည်။ လျှောက်လမ်းမှာ ခင်းထားသည့် ကျောက်ပြားများကြားမှာ မြက်များက ရှင်သန်ကြီးထွားနေကြသည်။ သူမ လျှောက်လှမ်းထွက်လာသည့် အဆောက်အဦက ကျောင်းတော်တစ်ခု ဖြစ်ဟန်တူသည်။ သို့သော် စိတ်ပျက်အားငယ်ဖွယ် အနေအထား ဖြစ်နေပြီး မိန်းမပျိုလေးနှင့် သူမဆရာမှ တပါး မည်သူမျှ မနေထိုင်တော့ဘဲ စွန့်ပစ်ထားပုံရသည်။
ဂျန်ဝုရှီက ကျောင်းတော်များအကြောင်းကို ကြားဖူးထားသည်။ လူငယ်များက သူတို့ လက်စွပ်ဝိညာဉ်နိုးထလာပြီးနောက်ပိုင်း ဆရာ့လက်အောက်မှာ ပညာသင်ယူရန် ကျောင်းတော်များသို့ ဝင်ရောက်ကြသည်။ သူတို့က လက်စွပ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားအကြောင်းကို သင်ယူကြရမည် ဖြစ်သည်။
ဂျန်ဝုရှီက သူမအသက်အရဆိုလျှင် ကျောင်းတော် တစ်ခုခုသို့ တက်ရောက်ရတော့မည် ဖြစ်သည်။ သို့သော် ချီတိုင်းပြည်မှာ ဝရုန်းသုန်းကား အခြေအနေဖြစ်လာသဖြင့် သည်ပညာရပ်များသို့ သင်ယူဖို့ အခွင့်အရေးက ကြန့်ကြာသွားခဲ့ရသည်။
ဝန်းအတွင်းမှာ လေအဝှေ့တွင် ဝိုင်အနံ့ကို ဂျန်ဝုရှီ ရလိုက်သည်။ သူမက ခေါင်းမော့၍ ထိုဝိုင်နံ့ ထွက်ပေါ်လာရာသို့ ဦးတည်လိုက်သည်။
