၅၈၂။ အလွမ်းပါးပါးလေး
သူတို့ ပြန်ရောက်လာချိန်မှာ ဖန်ဂျင်က ထိုညစ်ပတ်စုတ်ပဲ့သော အကြောင်းအရာများဖြင့် သူ့ညီ၏ နားကို မစွန်းထင်းသွားစေလိုသောကြောင့် တစ်ခွန်းတစ်ပါဒပင် မဟခဲ့ပေ။
ဂျန်ဝုရှီ၏ ဇာစ်မြစ်အမှန်နှင့် ပတ်သက်ပြီး ကျောက်ချူတို့ အုပ်စုမှ တပါး, သိထားသူက လေညင်းကျောင်းတော် တစ်ခုလုံးတွင် ဖန်ဂျင် တစ်ယောက်တည်းသာ ရှိသည်။
အလွန် အတိုက်အခိုက်ကြမ်းသော စစ်တပ်၏ သခင်မလေး, လင်းအိမ်တော် ဂျန်မိသားစု၏ သမီး။
နင်ရှင်းက တိုက်တိုက်ဆိုင်ဆိုင် ရူလင်းစစ်တပ်မှ လူများကို သတ်ဖြတ်ပစ်ဖို့ ကြိုးစားခဲ့ကြောင်းကို ဖန်ဇိုအနေဖြင့် သဲလွန်စ နည်းနည်းလေးပင် မရရှိချေ။
ချိတ်ဆက်နေတာပေါ့။ ဂျန်ဝုရှီက ခပ်ယဲ့ယဲ့ ခေါင်းညိတ်ပြသည်။
ရူလင်းစစ်တပ်ဟူသော စကားသုံးလုံးက ဂျန်ဝုရှီအတွက် တမူထူးခြားသော အဓိပ္ပါယ်ကို ဆောင်နေကြောင်း ဖန်ဇို ခိုင်ခိုင်မာမာ ယုံကြည်သည်။
ရူလင်းစစ်တပ်... ငါ သူတို့အကြောင်းကို အရင်က ကြားဖူးတယ်၊ ဒါက ချီတိုင်းပြည်က စစ်တပ်တစ်ခု မဟုတ်လား။ ဖန်ဇိုက ရူလင်းစစ်တပ်အကြောင်းကို ရုတ်တရက် သိချင်စိတ် ပေါ်လာသည်။
ဟုတ်တာပေါ့... ဟုတ်တာပေါ့... ဖန်ဂျင်က ထုံ့ပိုင်း ထုံ့ပိုင်းဖြင့် ပြန်ပြောသည်။ ဖိန်ဇိုအား သူ ကြည့်နေခြင်းက ထိတ်ထိတ်လန့်လန့် ဖြစ်နေသည်။ သူက ဖန်ဇိုအား အေးဆေးငြိမ်သက်စွာ ရောဂါကိုသာ ကောင်းမွန်သွားအောင် ကုသစေချင်သည်။ မသိမသာ စိမ့်ဝင်ပျံ့နှံ့တတ်သော အကောက်ကြံမှု, ယုတ်မာစုတ်ချာသော အကြံအစည်များကို ဖန်ဇို့အား မကြားစေချင်ပေ။ ထိုအကြောင်းများကို ဖန်ဇို့အား သိလည်း မသိစေချင်ပေ။
လတ်တလော ဖန်ဇိုက ကျန်းမာရေး ပြန်လည် ကောင်းမွန်လာကြောင်းကို ပြသနေသည်။ ဖန်ဂျင်က ဖန်ဇိုအား ဆိုးဆိုးရွားရွား မည်သည့်အရာကိုမျှ ဖြစ်လာမှာကို မလိုလားပေ။
ဉာဏ်ထက်သော လူများ ဖြစ်သဖြင့် ဂျန်ဝုရှီနှင့် ဖန်ဇိုက ဖန်ဂျင်၏ မသက်မသာ အမူအရာဖြစ်နေတာကို တွေ့မြင်ရ၍ ရူလင်းစစ်တပ်အကြောင်းကို နောက်ထပ် မဟတော့ပေ။ တခြားစကားကိုသာ လှီးလွှဲ ပြောဆိုကြတော့သည်။
