၄၂၁။ "ဂူလီရှန် ဒေါသပုန်ထခြင်း - ၂"

582 46 2
                                    

၄၂၁။ ဂူလီရှန် ဒေါသပုန်ထခြင်း - ၂

လီဇီမု ရဲတင်းလိုက်တာ... ဂူလီရှန် ဒေါသများ ပြည့်နှက်သွားသည်။

သူ ရွေးချယ်နေကျ အစီအစဉ် ပြီးမြောက်ဖို့သာ လီဇီမုကို ဝိညာဉ်ကုစားဌာနထဲ ရွေးကောက်ယူခြင်း ဖြစ်သည်။ ဂျန်ဝုရှီကို ဖုံးဖုံးဖိဖိ နေထိုင်စေခြင်းဖြင့် ကာကွယ်ပေးထားရမည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် သံသယမျှ မဝင်စေရန် တခြားတပည့်တစ်ယောက်ကို ဝိညာဉ်ကုစားဌာနသို့ ရွေးကောက်ယူရမည် ဖြစ်သည်။ တပည့်သစ်များ ရွေးချယ်သော နေ့တွင် လီဇီမုကို သူက တိုက်တိုက်ဆိုင်ဆိုင် တွေ့မြင်သွားခဲ့ပြီး ကျပန်းအနေဖြင့် လီဇီမုကို တပည့်အဖြစ် လက်ခံခဲ့သည်။

ဂျန်ရှီကိစ္စကို ဂူလီရှန်က ကျောင်းအုပ်ကြီးအား ရှင်းပြထားခဲ့သည်။ လီဇီမုကိုတော့ သူ အမှားတစ်ခု လုပ်မိပြီး ၎င်းအမှားက ဂျန်ရှီနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ပြောပြထားခဲ့သည်။

သူက သူ့ရည်ရွယ်ချက် အကြောင်းပြကို တိကျပြတ်သားစွာ ရှင်းပြထားသည်။ အဘယ့်ကြောင့်ဆိုသော် ဂျန်ရှီ ဝိညာဉ်ကုစားဌာနမှ ထွက်ခွာသွားပြီးနောက်ပိုင်း တခြားတပည့်များက ဂျန်ရှီ့အား တမင်တကာ အခက်တွေ့အောင် လုပ်လာနိုင်သော အချက်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူက ဝိညာဉ်ကုစားဌာန၏ အကြီးအကဲဟူသော သူ့ရာထူးကို အသုံးချပြီး သူ့အမှားဟူ၍သာ သူ့ကိုယ်သူ အပြစ်ဖို့ခဲ့သည်။ လီဇီမုအား အမှန်တရားကို ပြောထားခဲ့ပါလျက် လီဇီမုက သူ့စကားကို လျစ်လျူရှူပြီး ကြမ်းကြုတ်ရက်စက်သော ကောလာဟလကို ဖြန့်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားပေ။

သူ၏ တန်ဖိုးကြီး တပည့်ကိုမှ ဘေးဒုက္ခရောက်အောင် မဟုတ်မမှန် လီဆယ်လုပ်ကြံသော အယောင်ဆောင် လီဇီမုကို ဂူလီရှန်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်လောက်အောင် ဒေါသထွက်သွားရသည်။

ဂူလီရှန်က ဖန်ဂျင်ကို တွေတွေကြီး စိုက်ကြည့်သည်။ သည်ကိစ္စက သူကိုယ်တိုင် ရှေ့ထွက်၍ နောက်တစ်ကြိမ် ရှင်းပြလျှင်တောင် အရာထင်နိုင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိသည်။ မဟုတ်မမှန်သတင်းက လေညင်းကျောင်းတော်တခွင် ပျံ့နှံ့ကာ အမြစ်တွယ်သွားပြီ မဟုတ်လော။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant