၇၅၆။ ရန်တိုင်းပြည် (၇)
အစားအသောက်ဖြင့် ဗိုက်ပြည့်သွားသော ကျောက်ချူက ကျေနပ်အားရသဖြင့် ထိုင်ခုံကို ကျောမှီ၍ ဟေ့ခနဲ လေချဉ်တက်လိုက်သည်။ ဖေးယန်က မနှစ်သက်ဟန်ဖြင့် စောင်းငဲ့၍ ကြည့်လိုက်ပြီး ဂျန်ဝုရှီနှင့် မျက်နှာချင်းဆိုင်လျက် မေးသည် ရန်တိုင်းပြည်နဲ့ ပတ်သက်ပြီး ငါ ဖော်ထုတ်ထားတဲ့ အချက်အလက်တွေကို မင်း ကြည့်ပြီးပြီမို့လား။
လွန်ခဲ့သည့် တစ်လကျော်ကျော်လောက်က ဂျန်ဝုရှီနှင့် ဖန်ဇိုက လေညင်းကျောင်းတော်မှာ ကျန်ရစ်ခဲ့ကြသည်။ မည်သည့်နေရာသို့မျှ မသွားကြချေ။ ကျောက်ချူ ဟွာယောင်းနှင့် ရောင်းရူတို့က ဖီးနစ်ကျောင်းတော်သို့ ပြန်သွား၍ ယန်ဘူဂွေ့အား သူတို့ သွားမည့် ခရီးစဉ်ကို အကြောင်းကြားကြသည်။ ဖေးယန်တစ်ယောက်တည်းသာ အလုပ်များနေခဲ့ရသည်။ သူက သူတို့၏ တာဝန်များကို အသေးစိတ် အစီအစဉ်ဆွဲ၍ မလှုပ်ရှားသေးခင်မှာ ရန်တိုင်းပြည်နှင့် ပတ်သက်သော အဓိကအချက်အလက်များကို ဆုပ်ကိုင်မိဖို့ လိုအပ်သည်။
ဖေးယန်က ထိုကာလအတွင်းမှာ မအားလပ်ခဲ့ပေ။ ဂျန်ဝုရှီတို့ ထွက်ခွာမည့် နေ့ရက်ရောက်မှသာ ပြန်လာခဲ့ရသည်။ ခလုတ်ခချိုင့်ပေါသော ခရီးစဉ် တောက်လျှောက်, သူ စုဆောင်းရရှိခဲ့သည့် သတင်းအချက်အလက်များကို သူ့အပေါင်းအသင်းများအား လက်ဆင့်ကမ်းပေးသည်။ သူတို့အားလုံး ထိုအချိန်ကျမှ ရန်တိုင်းပြည်၏ အနေအထားကို အများအပြား နားလည်လာကြသည်။
ရန်တိုင်းပြည်မှာ သားတော်လေးယောက် ရှိသည်။ အကြီးဆုံးက ရန်တိုင်းပြည်၏ အိမ်ရှေ့စံ ဖြစ်သည်။ သူက ဂျန်ဝုရှီတို့၏ ကိစ္စမှာ အဓိကပစ်မှတ် ဖြစ်သည်။
ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။
ရှီလေး ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ၊ ငါတို့ အိမ်ရှေ့စံနဲ့ မနီးစပ်ခင် ပြိုင်ပွဲမှာ အဆင့်ရအောင် လုပ်ကြရမှာလား၊ ဒါမှ မဟုတ်, အခုပဲ လုပ်ငန်းစကြမလား၊ ငါ ကြားထားတာတော့ အိမ်ရှေ့စံက ပြိုင်ပွဲမစခင် ပြိုင်ပွဲဝင် ကျောင်းတော်အသီးသီးရဲ့ ကျောင်းသားတွေဆီ အလည်အပတ်သဘော သွားတတ်တယ်တဲ့။ ဖေးယန်က ဂျန်ဝုရှီကို ကြည့်လျက် ပြောသည်။ သူတို့၏ နောက်တစ်ဆင့် လှုပ်ရှားဆောင်ရွက်ချက်မှာ သူတို့က မသိလိုက်မသိဘာသာဖြင့် ဂျန်ဝုရှီ၏ အမြင်အပေါ် မှီခိုမိသွားကြသည်။
