၉၂၀။ ကန့်လန့်ကာ မတင်ခြင်း (၄)
အနက်ရောင်ဝတ်စုံရှင် ပျောက်ကွယ်မသွားခင် ပြောသွားခဲ့သော စကားကြောင့် လေ့ဖန် အကြီးအကျယ် စိုးရိမ်ပူပန်သွားသည်။
အရှင့်သား မိန်းမစိုးများက ကသောကမျော လာ၍ လေ့ဖန်ကို ဝိုင်း၍ မြေပြင်ပေါ်မှ ဆွဲထူပေးကြသည်။
လေ့ဖန်က ကြောက်ရွံ့ထိတ်လန့်နေသော်ငြား မတ်တပ်ရပ်ဖို့ စွမ်းဆောင်နိုင်သေးသည်။ သူက မိန်းမစိုးများကို စိတ်တိုတိုဖြင့် တွန်းထုတ်လိုက်သည်။ အနက်ရောင်ဝတ်စုံရှင်က ရုတ်တရက် ပေါ်လာပြီး ထူးထူးဆန်းဆန်း ပျောက်သွားသည်။ သူ့လည်ပင်းမှာ ဒဏ်ရာသေးသေးလေး ချန်ထားခဲ့ပြီး ဆေးလုံးကို အတင်းအကျပ် မျိုချခိုင်းခဲ့ရုံမှ တပါး သူ့အား တွန်းထုတ်လိုက်သော ထိုလူ၏ လက်ဝါးမှာ မည်သည့် အားမှ မပါဝင်ခဲ့ပေ။ ထိုအနက်ရောင်ဝတ်စုံရှင်က သူ့ကို သူနှင့် ဝေးအောင် တွန်းထုတ်ချင်ရုံမျှသာ ဖြစ်ဟန်တူသည်။
နန်းတွင်းဥယျာဉ်ထဲ အစောင့်များစွာ၏ ရှေ့မှောက်မှာ လုပ်ကြံခံရလုလု ဖြစ်သွားသဖြင့် ကနေ့ ချူလင်းယွဲ့၏ ရှေ့တွင် လေ့ဖန် လုံးလုံး အရှက်ရသွားသည်။ ဘာမှန်းမသိသည့် ဆေးလုံးကို သူ မျိုချမိသဖြင့် အင်မတန်လည်း သူ ကြောက်ရွံ့နေလေ၏။
မြန်မြန်, နန်းတွင်းသမားတော်တွေကို ဆင့်ခေါ်လိုက်, အဲလူ ငါ့ကို ဘာဆေးလုံး တိုက်ခဲ့လဲဆိုတာကို သမားတော်တွေကို စစ်ဆေးခိုင်းရအောင် လေ့ဖန်က သူ့အသက် ဆုံးရှုံးသွားရမှာထက် တခြား ဘာကိုမျှ မစိုးရိမ်မပူပန်မိတော့ပေ။
အစောင့်များက ချက်ချင်းပင် နန်းတွင်းသမားတော်များကို သွားခေါ်ကြသည်။ လေ့ဖန်ကတော့ ဥယျာဉ်ထဲမှာပင် အသက်ပြင်းပြင်း ရှူသွင်းနေလေ၏။
သို့သော် ထူးဆန်းသော ဖြစ်ရပ် ပေါ်ပေါက်လာသည်။ လေ့ဖန်၏ လည်ပင်းမှ ဒဏ်ရာသေးသေးက သွေးယိုစီးနေတာ ရပ်တန့်ခြင်း မရှိတော့ပေ။ ၎င်းဒဏ်ရာလေးမှ ယိုစီးလာသော သွေးများဖြင့် လေ့ဖန်၏ လက်တစ်ခုလုံး ချင်းချင်းနီနေသည်။ သွေးနွေးများက ဆက်လက် ယိုစီးကျနေသဖြင့် ၎င်းဒဏ်ရာက ရိုးရိုးဒဏ်ရာ မဟုတ်မှန်း လေ့ဖန် သဘောပေါက်သွားသည်။