၄၈၂။ အရမ်းကြမ်းသော တပ်ဖွဲ့-၁
ရူလင်းစစ်တပ်လား ဖန်ဂျင်က ရုတ်တရက် ခေါင်းမော့၍ ယဲ့ရှကို ကြည့်သည်။ သူ့မျက်နှာက မယုံကြည်နိုင်ဟန် ဖြစ်နေ၏။
ရူလင်းစစ်တပ်ဆိုတာ ဘာလဲ ကျောက်ချူမျက်နှာက အံ့အားသင့်ဟန် ဖြစ်သွားသည်။ ဘာ့ကြောင့် ဖန်ဂျင်က အပြင်းအထန် တုံ့ပြန်လာရသနည်း, သူ နားမလည်ချေ။
ဖန်ဂျင်က ကျောက်ချူကို စိုက်ကြည့်သည်။ ဟွာယောင်းတို့ကလည်း ကျောက်ချူလို သိဟန် မတူကြချေ။ ထို့ကြောင့် သူ မယုံကြည်နိုင်စွာ မေးသည် မင်းတို့ ရူလင်းစစ်တပ်ဆိုတာကို မကြားဖူးကြဘူးလား။
ကျောက်ချူ ခေါင်းညိတ်ပြသည်။
ရူလင်းစစ်တပ်ဆိုတာ အံ့အားသင့်လောက်အောင် တိုက်ရိုက်ခိုက်ရည် ကောင်းတဲ့ ချီတိုင်းပြည်ရဲ့ စစ်တပ်ပဲ၊ ချီတိုင်းပြည်ဆိုတာ အင်အားကြီး နိုင်ငံတွေ အများကြီးကြားမှာမှ အင်မတန် အင်အားသေးငယ်တဲ့ တိုင်းပြည်တစ်ခု၊ သူတို့ ပိုင်ဆိုင်ထားတဲ့ ကုန်းမြေက မဖြစ်စလောက် အစက်အပြောက်လောက်ပဲ ရှိတယ်၊ သူတို့ လူဦးရေကလည်း သူတို့ တိုင်းပြည် ပတ်ပတ်လည်မှာရှိတဲ့ တိုင်းပြည်တွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်တိုင်းတာလို့ မရအောင် နည်းပါးတယ်။
ဒါပေမဲ့ ချီတိုင်းပြည်က သန်မာတောင့်တင်းတဲ့ တိုင်းပြည် အသီးသီးကြားမှာ အခုထိ သူ့ဘာသာ တည်တံ့နေနိုင်တယ်၊ မင်းမူနေနိုင်တယ်၊ ဒါက အကြောင်းပြချက် တစ်ခုတည်းရယ်၊ အရမ်းကြောက်ဖို့ကောင်းပြီး အရမ်းကြမ်းတဲ့ တိုက်ခိုက်ရေးအဖွဲ့ဖြစ်တဲ့, ရူလင်းစစ်တပ်ကြောင့်ပဲ၊ စစ်တပ်က တကယ်တော့ အကြီးကြီး မဟုတ်ဘူး၊ သတင်းစကားအရဆိုရင် အယောက်တစ်သိန်းလောက်ပဲ ရှိတယ်။
ဒါပေမဲ့ စစ်သားတစ်ယောက်စီတိုင်းက သာမန်မဟုတ်တဲ့ အင်အားနဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားကြတယ်၊ တိုက်ပွဲကွင်းပြင်မှာ ဘယ်လို စစ်တပ်, ဘယ်လို အင်အားစုနဲ့ပဲ တွေ့တွေ့, သူတို့ထဲက တစ်ယောက်တစ်လေ ကျန်ရစ်ခဲ့ရင်တောင် အိပ်မက်ဆိုးတွေ မက်အောင် လုပ်ပေးနိုင်ကြတယ်။ ဖန်ဂျင်က စည်းကမ်းတင်းကျပ်သော တပ်ဖွဲ့မျိုးကို အမြဲတမ်း လေးစားအားကျခဲ့သည်။ ထို့ပြင် သူက အင်မတန် ကျော်ကြားသော ရူလင်းစစ်တပ်အကြောင်းကို အများကြီး ကြားဖူးထားသည်။
