၇၅၈။ မီးဝိညာဉ်လေလံအိမ်တော် (၁)
နေ့လယ်စာ စားပြီးနောက် သူတို့ လူချင်း ခွဲလိုက်ကြသည်။
ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်သို့ ရောက်ရှိလာပြီး ဖြစ်သဖြင့် ဖေးယန်က သတင်းအချက်အလက် အမြောက်အမြား စုဆောင်းသည်။ လိပ်ပြာတိုက်ပွဲ မစတင်ခင်လေးမှာ တန်ဖိုးရှိသော သတင်းအချက်အလက်များကို ဖေးယန်က ဆက်လက် စုဆောင်းသည်။ ရန်တိုင်းပြည် အိမ်ရှေ့စံ၏ သတင်းအချက်အလက်များ အပြင် ဒီနှစ်မှာ လိပ်ပြာတိုက်ပွဲဝင်သည့် ကျောင်းတော်များကိုလည်း အနည်းငယ် လေ့လာစူးစမ်းသည်။
သူတို့ နေ့လယ်စာ စားသောက်နေစဉ် အတွင်းလေးမှာပင် လေညင်းကျောင်းတော်က လူဆယ်ယောက်မျှကိုသာ ပို့ဆောင်လိုက်ကြောင်းသတင်းက ကျောင်းတော်အသီးသီး အုပ်စုအသီးသီးသို့ အလျင်အမြန် ပျံ့နှံ့ ရောက်ရှိသွားလေ၏။ ဒီနှစ်မှာ လေညင်းကျောင်းတော်က သူ့ဂုဏ်ကျက်ရေမှ လျောကျသွားပြီဟူ၍ လူအများအပြားက တွေးတောပြီး ဖြစ်သည်။ သူတို့က ၎င်းသတင်းကို ကြားရချိန်မှာတော့, သူတို့ တွေးထင်ချက် မှန်ကန်ကြောင်း ပိုမို သေချာသွားလေ၏။
နေ့လယ်စာ စားပြီးနောက် ဂျန်ဝုရှီက တည်းခိုဆောင်မှာ ကျန်ရစ်မနေပေ။ ရန်တိုင်းပြည်က ကုန်းမြေတစ်ခွင်တွင် အင်အားအကြီးဆုံး တိုင်းပြည် ဖြစ်သဖြင့် သူတို့ ပိုင်ဆိုင်သော အရင်းအမြစ်များက တခြားတိုင်းပြည်များ နှိုင်းယှဉ်လို့ ရသော အရာမဟုတ်ချေ။ ထို့ပြင် ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်လည်း အချမ်းသာအကြွယ်ဝဆုံး ဖြစ်သဖြင့် တခြားမြို့တော်များ နှိုင်းယှဉ်လို့ မရချေ။
ဖေးယန်၏ သတင်းအချက်အလက်များအရ ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး မီးဝိညာဉ် လေလံအိမ်တော် တည်ရှိကြောင်း ဂျန်ဝုရှီ သိထားသည်။ ၎င်းလေလံအိမ်တော်ကို အချမ်းသာဆုံး ကုန်သည်အုပ်စုက ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ သူတို့ကို ရန်တိုင်းပြည်အနှံ့ရှိ မြို့တော်အားလုံးမှာ တွေ့မြင်နိုင်သည်။ ဒီဘုရင့်နေပြည်တော်ရှိ လေလံအိမ်တော်က လူသိများ ထင်ရှားပြီး အကြီးမားဆုံးသော ဌာနခွဲအဖြစ် တည်ရှိသည်။ ၎င်းလေလံအိမ်တော်မှာ ရှားပါးရတနာများ, ထူးခြားဆန်းကြယ်သော ပစ္စည်းများကို များပြားစွာ တွေ့နိုင်သည်။ မီးဝိညာဉ်လေလံအိမ်တော်က ချန်လင်းမြို့ လေလံအိမ်တော်သေးသေးလေးက စိတ်ကူးပင် မယဉ်နိုင်သော နေရာမျိုး ဖြစ်သည်။
