၉၀၉။ နန်းစောင့်တပ်(၆)
နန်းစောင့်တပ်က စေ့စေ့စပ်စပ်နှင့် အချိန်တိုတို အကျိုးရှိရှိ ရှာဖွေနိုင်ရန် လူစုခွဲပြီး အိမ်ရှေ့စံ၏ နန်းဆောင်အတွင်း သံသယဝင်ဖွယ် နေရာများကို အနှံ့ရှာကြသည်။ လေ့ချန်က အဓိကခန်းမကြီးအလယ်တွင် ရပ်လျက် သူတို့ တာဝန်များကို ထမ်းဆောင်နေသော နန်းစောင့်တပ်သားများကို ကြည့်လျက် စိတ်ထဲမှ အေးစက်စက် ရယ်မောနေလိုက်သည်။
ယွမ်ပြောင်က တစ်ဖက်တွင် ရပ်လျက် လေ့ချန်၏ အပြုအမူတိုင်းကို သေချာ စူးစမ်းကြည့်နေသည်။ တည်းခိုအိမ်မှာ ဂျန်ရှီ၏ အရိပ်အယောင်ကို မတွေ့ရချိန်မှာ သူ အရင်ဆုံး စဉ်းစားမိသည့် နေရာက အိမ်ရှေ့စံ၏ နန်းဆောင် ဖြစ်သည်။ ဂျန်ရှီက နေပြည်တော်အတွင်းမှာ မိတ်ဆွေလည်း မရှိ, မိသားစုလည်း မရှိပေ။ သူက ဒီနေရာနှင့် လုံးလုံး ရင်းနှီးကျွမ်းဝင်ခြင်း မရှိပေ။ ထာဝရအမိုးခုံး တည်းခိုအိမ်မှ တပါး သူ သွားရောက်နိုင်သော နေရာက အိမ်ရှေ့စံ၏ နန်းဆောင်သာ ဖြစ်လိမ့်မည်။
သို့သော် နန်းစောင့်တပ်သားများက အိမ်ရှေ့စံ၏ နန်းဆောင်ကို စေ့စေ့စပ်စပ် ရှာဖွေနေချိန်မှာ ထူးဆန်းတာကို ယွမ်ပြောင် တွေ့ရှိလိုက်သည်။ လေ့ချန်၏ မျက်နှာက အလွန်အမင်း မနှစ်သက်တာကို ပြသနေတာမှ တပါး, စိုးရိမ်ပူပန်ခြင်းလည်း မရှိသလို, အပြစ်ရှိဟန်ကိုလည်း ပြသမနေပေ။ လေ့ချန်က အရမ်းဟန်ဆောင်ကောင်းနေတာ မဟုတ်လျှင်, ဂျန်ရှီက အိမ်ရှေ့စံ၏ နန်းဆောင်တွင် အမှန်တကယ် မရှိတာပဲ ဖြစ်ရလိမ့်မည်။
မကြာခင်မှာပင်, နန်းစောင့်တပ်သားများက အိမ်ရှေ့စံ၏ နန်းဆောင်ကို ဇောက်ထိုးမိုးမျှော်မတတ် ရှာဖွေပြီးနောက် ခန်းမကြီးထဲ ပြန်စုလာကြသည်။ သူတို့ ဂျန်ရှီကို နန်းဆောင်တစ်ခုလုံးတွင် အရိပ်အယောင်ပင် မတွေ့ရပေ။
ယွမ်ပြောင် မျက်မှောင်ကြုတ်သွားသည်။ လေ့ချန်က အေးစက်စက် နှာမှုတ်၍ ပြောလိုက်သည် ဒီလောက်ဆို, ဗိုလ်ချုပ် အခု ကျေနပ်သွားပြီလား။
ယွမ်ပြောင်က ပြောလာသည် အရှင့်သားကို တောင်းဆိုလို့ ရမလား, ဒီနန်းဆောင်မှာ ရှိနေတဲ့ လူတိုင်းကို စုစည်းပေးဖို့ပါ၊ ဆုတ်ခွာထွက်ပြေးသွားတဲ့ အပြစ်သားက မရိုးမသားဘဲ အရမ်း ကောက်ကျစ်စဉ်းလဲတတ်သူ ဖြစ်နေပါတယ်၊ အပြစ်သားက သူ့ကို ဖမ်းမိမှာစိုးလို့ အစေခံလို ရုပ်ဖျက်ထားမှာ အရှင့် အမူထမ်းက စိုးရိမ်မိပါတယ်။